Elections Myanmar
Share

မြန်မာနိုင်ငံတွင်မတူကွဲပြားသောနိုင်ငံရေးပူးပေါင်းပါဝင်မှုကိုမြင့်တင်အားပေးခြင်း

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲများကို ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲမတိုင်မီတွင် DRI Myanmar အနေဖြင့် Myanmar Democracy Fellowship-MDF ပရိုဂရမ်တစ်ခုအောက်တွင် ပြည်သူနှင့်မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့်ပတ်သက်သည့် အွန်လိုင်းလှုပ်ရှားမှုများပြုလုပ်ခဲ့ပါသည်။

DRIသည် ဗဟုစုံဝါဒနှင့်မတူညီကွဲပြားမှုကိုလေးစားခြင်းအားဖြင့် အထွေထွေရွေးကောက်ပွဲအား ငြိမ်းချမ်း၍အားလုံးပါ၀င်သောရွေးကောက်ပွဲဖြစ်ပေါ်စေရန်ရည်ရွယ်၍ မတူကွဲပြားသော ကဏ္ဍအသီးသီးများ၊ ပြည်နယ်/တိုင်းအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သင်တန်းသားများနှင့်အတူ အွန်လိုင်းအခြေပြု Talk show ၄ ခုကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ အင်တာနက်အကန့်အသတ်သာရှိသော သို့မဟုတ် လုံးဝမရှိသောဒေသများအပါအ၀င် နိုင်ငံတ၀ှမ်းလုံးကို  မဲဆန္ဒရှင်ပညာပေးလှုပ်ရှားမှုများကို လက်လှမ်းမီသိရှိနိုင်ရန်အတွက် ရုပ်မြင်သံကြားလိုင်းများအားလုံးတွင်ဟောပြောပွဲများအားလုံးကိုစုစည်းထားသောဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါသည်။

Talk Shows များကျင်းပပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရွေးကောက်ပွဲနှင့်ပတ်သတ်၍ ဆွေးနွေးကြတဲ့အကြောင်းအရာများကို ပြည်သူများအနေနဲ့ စိတ်ဝင်စားလာကြစေရန်နှင့် ပြည်သူလူထုနှင့်ရွေးကောက်ပွဲသက်ဆိုင်ရာပုဂ္ဂိုလ်များအကြား ပိုမိုကျယ်ပြန့်သောအပြန်အလှန်စကားဝိုင်းများ ပိုမိုပေါ်ပေါက်စေရန်ဖြစ်သည်။

ပထမဦးဆုံးကနဦး Talk Show တွင် ‘လူငယ်များမဲပေးကြဖို့ဘာကြောင့်အရေးကြီးတာလဲ’ ဆိုသည့်ခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲများအပေါ်အတွေးအမြင်သဘောထားထင်မြင်ချက်အသီးသီးတို့နှင့် ပထမဆုံးမဲပေးခဲ့တဲ့အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။

‘ကိုယ့်နိုင်ငံ ကိုယ့်ဒေသအတွက်

အလုပ်လုပ်ပေးနိုင်မယ့်ကိုယ်စားလှယ်ကိုရွေးချယ်ဖို့ ၁၈ နှစ်ပြည့်ပြီးသူတိုင်း

မဲပေးကြပါ။ ပထမဆုံးမဲပေးကြမယ့် သူတွေရော နိုင်ငံသားတိုင်းရော

မဲပေးကြဖို့ နှိုးဆော်လိုက်ပါတယ်။’လို့ Future Light for children မှ ကိုစိုးထွန်းဦး (ခ) ကိုစလင်းက ပထမဆုံးမဲပေးကြမယ့်မဲဆန္ဒရှင်များကို အားပေးခဲ့ပါသည်။

ဒုတိယမြောက်နှင့်စတုတ္ထမြောက် Talk Shows များတွင်

“နိုင်ငံသားအားလုံးမဲပေးကြဖို့ဘာကြောင့်အရေးကြီးတာလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရဲ့ မတူညီတဲ့ ဆုံးဖြတ်ချတဲ့အပိုင်းကဏ္ဍများတွင် နိုင်ငံသားအားလုံးပိုမိုပါဝင်ရေးနှင့်  ရွေးကောက်ပွဲများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ထိုကဲ့သို့ဆွေးနွေးမှုများဖြင့် တိုင်းရင်းသားအုပ်စုများမှမဲဆန္ဒရှင်များကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးရန်တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

“လူမျိုးတစ်မျိုးတည်းကသာ သွားနေမည်ဆို အခက်အခဲ ပဋိပက္ခတွေကြားမှာဒီမိုကရေစီလမ်းကြောင်းက ရှည်နိုင်ပါတယ်။ တိုင်းရင်းသားလူမျိုးအားလုံးတူတူသွားကြမှသာလိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မြန်ရောက်နိုင်မှာပဲဖြစ်ပါတယ်။” လို့

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ မွန်ညီညွတ်ရေးပါတီမှ မိစန္ဒာနန် (ခ) ဒေါ်ညွှန့်ရီ က သူမအမြင်တွေကို ဖော်ပြခဲ့ပါတယ်။

“ကျွန်တော်တို့မဲဆွယ်စည်းရုံးတဲ့နေရာမှာလည်း ပြည်သူတွေကို မဲပေးရုံတင်မဟုတ်ပဲ နိုင်ငံရေးမှာပါဝင်ကြဖို့ စည်းရုံးခဲ့ပါတယ်။

ဒီမိုကရေစီကို မြတ်နိုးတဲ့မဲဆန္ဒရှင်တိုင်း ရွေးကောက်ပွဲပြီးသွားရင်လည်းနိုင်ငံရေးမှာပါဝင်ကြပါ။” လို့

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ တအာင်း(ပလောင်)အမျိုးသားပါတီမှ မိုင်းရန်နိုင်က ပြောကြားခဲ့ပါတယ်။

တတိယမြောက် Talk Show တွင် ‘အမျိုးသမီးများမဲပေးခြင်းကဘာကြောင့်အရေးပါတာလဲ’ ဆိုသည့်ခေါင်းစဉ်ဖြင့်  မြန်မာနိုင်ငံရဲ့အမျိုးသမီးပါ၀င်မှုနှင့်ပတ်သက်၍ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများအကြောင်း၊ အမျိုးသမီးကိုယ်စားလှယ်လောင်းများအနေနဲ့ နိုင်ငံရဲ့အနာဂတ်ကိုမည်ကဲ့သို့ပုံဖော်ချင်ကြသလဲဆိုတဲ့ အကြောင်းအရာများနှင့် အမျိုးသမီးတွေနိုင်ငံရေးမှာပိုမိုပါဝင်လာရေးအတွက် အမျိုးသားတွေအနေနဲ့ရော ဘယ်လိုမျိုးပံ့ပိုးပေးနိုင်သလဲဆိုတဲ့ အကြောင်းအရာများကို မတူကွဲပြားသော ကဏ္ဍအသီးသီးများနှင့်ပြည်နယ် / တိုင်းအသီးသီးမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အတူ ဆွေးနွေးခဲ့ပါသည်။

“နိုင်ငံရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေပါဝင်သင့်ပါတယ်။ အမျိုးသားတွေချည်းပဲသွားလို့မရသလို အမျိုးသမီးတွေချည်းပဲလည်းသွားလို့မရဘူး။ နိုင်ငံတစ်ခုတည်ဆောက်ဖို့ဆိုရင်  အမျိုးသမီး၊အမျိုးသား အချိုးကျပါဝင်ပြီး အတူတကွလုပ်ဆောင်ကြဖို့လိုပါတယ်။”  လို့

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ မော်မိုးမြာ က သူမရဲ့အမြင်တွေကို ဖော်ပြသွားခဲ့ပါတယ်။

“ကျွန်မတစ်ယောက်တည်းခေါင်းဆောင်ကောင်းဖြစ်နေရုံနဲ့ မရပါဘူး

တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေအများကြီးရှိနေဖို့လိုပါတယ်

အဲ့တော့ အမျိုးသမီးအချင်းချင်းလည်းဆွဲခေါ်ဖို့လိုသလို အမျိုးသားတွေကလည်း အမျိုးသမီးတွေကိုလမ်းခင်းပေးပြီး နေရာဖယ်ထားပေးဖို့လိုပါတယ်

ပါတီတွေနဲ့ နိုင်ငံရေးကဏ္ဍများမှာလည်း အမျိုးသမီးတွေအတွက် ထိုင်ခုံဖယ်ထားပေးတာမျိုးလုပ်ပြီး လိုအပ်တဲ့အရည်အချင်းတွေကိုလည်း ပံ့ပိုးပေးသင့်ပါတယ်” လို့

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ နော်သဇင်တုပ် က ပြောကြားသွားခဲ့ပါတယ်။

Talk show များတွင် ကြည့်ရှုသူအသင့်အတင့်ဦးရေပမာဏရှိခဲ့ပြီး အမေးအဖြေ ဉာဏ်စမ်းအစီအစဉ်များတ္ငင်လည်းပါဝင်ကြကာ အဓိကပေးချင်သည့် သတင်းစကားဖြစ်သော အားလုံး ပါ၀င်မှုနှင့်ငြိမ်းချမ်းသောရွေးကောက်ပွဲများတိုးမြှင့်စေရန်ဆိုသည့်ရည်ရွယ်ချက်ကိုထိရောက်စေခဲ့ပါသည်။

ဥရောပသမဂ္ဂအစိုးရမှ ရန်ပုံငွေထောက်ပံ့ထားသော STEP Democracy-ရှေ့သို့မြန်မာ အစီအစဉ်ဖြင့် DRI သည် စစ်မှန်သောရွေးကောက်ပွဲများဖြစ်ထွန်းလာစေရန် နှင့် ရွေးကောက်ပွဲဆိုင်ရာစည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိပါတယ်။ရွေးကောက်ပွဲများအပြီးတွင်လည်းDRIသည်ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးလုပ်ငန်းစဉ်များတွင်ပါဝင်ခဲ့ကြသည့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲဆိုင်ရာပဏာမတွေ့ရှိချက်များနှင့်ပတ်သက်သည့်လုပ်ဆောင်မှုများကိုဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။